ဒီဂျစ်တယ်ခေတ်သစ်တွင် မြန်မာနိုင်ငံ၏ လုပ်ငန်းအသီးသီးအပေါ် အလားအလာကောင်းများ သက်ရောက်လာမည့် ICT ၏ အခန်းကဏ္ဍအကြောင်း ဆွေးနွေးပွဲကို Huawei Myanmar မှ ကျင်းပ

[ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၃၀ ရက်] - “ICT Enhances Sustainable Outlook for New Digital Era in Myanmar” (မြန်မာ့ဒီဂျစ်တယ်ခေတ်သစ်အတွက် ရေရှည်တည်တံ့သော အလားအလာကောင်းများ ဖော်ဆောင်ပေးမည့် ICT ၏ အခန်းကဏ္ဍ) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုကို Huawei Myanmar မှ ၎င်းတို့၏ မြန်မာရုံးချုပ်တွင် ပြုလုပ်ခဲ့ပါသည်။ ဒီဂျစ်တယ်ခေတ်သစ်သို့ ပြောင်းလဲရာတွင် ICT နည်းပညာ၏ အရေးပါပုံ၊ မြန်မာနိုင်ငံရှိ စီးပွားရေးကဏ္ဍအပေါ် အကျိုးသက်ရောက်လာမည့် နည်းပညာသစ်များကို အများပြည်သူများ အနေဖြင့်ပိုမိုသိရှိစေရန် ရည်ရွယ်ကာ ကမ္ဘာလုံးဆိုင်ရာ အသုံးပြုနေသော ဒီဂျစ်တယ်နည်းပညာများ အကြောင်းကို ပညာရှင်များမှ ဆွေးနွေးပြောကြား ပေးခဲ့သည်။
ဆွေးနွေးပွဲတွင် Myanmar Information and Technology Pte Ltd ၏ တည်ထောင်သူနှင့် CEO ဒေါက်တာဦးထွန်းသူရသက်၊ Onelink Technologies Co., Ltd ၏ CEO၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ၏ ဒုဥက္ကဌ ဦးဝေဖြိုး၊ Strategy First Education Group Limited ၏ တည်ထောင်သူ နှင့် ဥက္ကဌ ဦးအောင်ချစ်ခင်တို့မှ panelist များ အဖြစ် ပါဝင်ဆွေးနွေးခဲ့ကြပြီး Huawei Myanmar မှ PR Manager မမြနှင်းအိမ်မှ moderator အဖြစ်ဆောင်ရွက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲ၌ မြန်မာနိုင်ငံတွင် အရေးပါလာသည့် နည်းပညာများ၏ တိုးတက်မှုနှင့် ICT ကဏ္ဍအကြောင်းကို အဓိကဆွေးနွေးခဲ့ကြပါသည်။ ICT ကဏ္ဍထွန်းကားမှုမှာ အနည်းငယ် နောက်ကျ ခဲ့သော်လည်း တိုးတက်မှုနှုန်းမြန်ဆန်မှုကို အံ့အားသင့်ဖွယ် တွေ့မြင်နေရသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် ကပင် မြန်မာနိုင်ငံသည် မိုဘိုင်းဆက်သွယ်ရေးစနစ် မြန်မြန်ဆန်ဆန် တိုးတက်ခဲ့သည့် ကမ္ဘာ့နိုင်ငံများတွင် တစ်နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၂၀၁၈-၂၀၂၅ မြန်မာဒီဂျစ်တယ်စီးပွားရေးရည်မှန်းချက်များအတိုင်း မြန်မာနိုင်ငံ၏ အစိုးရဌာနများ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု အစရှိသည့် ကဏ္ဍများတွင် နည်းပညာများကို ပိုမိုတွင်ကျယ်စွာအသုံးပြုနိုင်ရန် ရည်မှန်းထားခြင်းဖြစ်သည်။ ထိုရည်မှန်းချက်ထဲတွင် လုပ်ဆောင်မည့်အချက် (၁၄) ခု ပါဝင်သည်။ ယင်းတို့တွင် စီးပွားရေးကဏ္ဍတွင်း အွန်လိုင်းငွေကြေးဝန်ဆောင်မှုများ သုံးစွဲခြင်းသည် ၂၀၁၉ ခုနှစ်တွင် ၀.၅% ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၃၀% အထိတိုးတက်စေရန်နှင့် ဒီဂျစ်တယ်ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (၆) ဘီလီယံမှ (၁၂) ဘီလီယံထိ တိုးတက်စေရန်ဆိုသည့်အချက်များလည်း ပါဝင်ခဲ့ပါသည်။
ဆွေးနွေးပွဲကို Huawei Myanmar ၏တရားဝင် Facebook page တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး အဓိကအားဖြင့် လွန်ခဲ့သော လအနည်းငယ်က တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများ၊ လက်ရှိကာလနှင့် အနာဂတ်တွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာစေရန် ICT နည်းပညာများ၏ပံ့ပိုးကူညီနိုင်မှု၊ နောက်ဆုံးအနေဖြင့် ဖြစ်ပေါ်လာမည့် ဒီဂျစ်တယ်ခေတ်သစ်အတွက် မြန်မာနိုင်ငံအနေနှင့် ကြိုတင်ပြင်ဆင် ထားသင့်သည်များကို ဆွေးနွေးခဲ့ကြသည်။
ပထမဦးစွာ ဒေါက်တာဦးထွန်းသူရသက်မှ လက်ရှိနည်းပညာများ၊ e-commerce ၏ အကျိုးသက်ရောက် မှုများကို ဆွေးနွေးကာ နိုင်ငံတွင်း ဒီဂျစ်တယ်စီးပွားရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စနစ်များအပေါ် ၎င်း၏ အမြင်များကို ပြောကြားခဲ့သည်။ “ကျွန်တော်တို့က အခုအချိန်မှာ မွေးကာစကလေးလိုပဲပေါ့အခုမှ စတာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့က Quantum Leap လို့ခေါ်တဲ့ အဆင့်ကျော်ပြီး အမီလိုက်ဖို့ လိုတာပေါ့။ Desktop computer တွေအသုံးပြုတဲ့ခေတ်မှာလည်း လူနည်းစုလောက်ပဲ ကွန်ပျူတာကို သုံးနိုင်ခဲ့တယ်။ လူအများစုက မသုံးနိုင်ခဲ့ဘဲ အခု မိုဘိုင်းဖုန်းတွေ၊ tablet တွေ အသုံးပြုတဲ့ ခေတ်မှပဲ လူတော်တော်များများက အသုံးပြုလာနိုင်ကြတယ်။ အဲ့တော့ ရှေ့လျှောက်မှာလည်း AR နည်းပညာတွေ sensors အသုံးပြုတာတွေ ပေါ်လာရင်လည်း မိုဘိုင်းဖုန်းတောင်လိုတော့မှာ မဟုတ်ဘူး။ Leap frogging လုပ်ဖို့က နိုင်ငံရဲ့ vision ထဲမှာထည့်ထားသင့်တယ်။ အဲ့လို ခုန်ကျော်ပြီး အသုံးမပြုဘူးဆိုရင်လည်း ကျွန်တော်တို့က ကျော်ဖို့နေနေသာသာ မီတောင်မီမှာမဟုတ်ဘူး ”ဟုဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဦးဝေဖြိုးမှလည်း application များ၊ နည်းပညာများကို အသုံးပြုပြီး ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို မျှဝေပေးခဲ့ကာ စီးပွားရေးလုပ်ငန်းရှင်များအတွက် လိုအပ်သော ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ပြောင်းလဲမှုများကို ပြောကြားခဲ့သည်။ “Digital Transformation အတွက် အစိုးရဌာနတွေရယ်၊ စီးပွားရေးလုပ်ငန်းတွေရယ်၊ စားသုံးသူတွေရယ် အားလုံးပါဝင်သင့်ပါတယ်။ အစိုးရ ဌာနဘက်ကလည်း နယ်တွေမှာပါ တွင်တွင်ကျယ်ကျယ် နည်းပညာတွေသုံးစေချင်ရင် ဒေတာအသုံးပြုခတွေကို သင့်တင့်သောဈေးနဲ့ သတ်မှတ်ပေးဖို့ လိုပါတယ်၊ နောက်စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း digital transformation ကို မကြောက်ဖို့၊ နည်းပညာဆို ဈေးကြီးတယ်၊ ခက်ခဲတယ်လို့ထင်မနေဘဲ ဘာကိုပြောင်းမလဲ၊ ဘယ်လိုပြောင်းမလဲ မလုပ်လို့ကို မရတော့ဘူးဆိုတာမျိုးစဉ်းစားလုပ်ဆောင်သင့်ပါတယ်။ စားသုံးသူ user တွေအနေနဲ့လည်း ကိုယ့်ရဲ့ Digital Literacy ကို တိုးတက်အောင်လုပ်ဖို့ အသုံးပြုနိုင်အောင်လေ့လာဖို့ လိုအပ်ပါတယ်။”ဟုဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဆရာ ဦးအောင်ချစ်ခင်မှ COVID-19 ကာလသည် နည်းပညာ အသုံးပြုမှု တွင်ကျယ်စေရန် ပိုမိုတွန်းအားပေးသလို ပညာရေးကဏ္ဍမှာလည်း ဒီဂျစ်တယ်နည်းပညာများ ပိုမိုသုံးစေရန်ရည်ရွည်ပြီး အခက်အခဲ များကို ကျော်လွှားကာ သင်ကြားရေးအထောက်အကူပြု application များ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လွယ်ကူသက်သာစွာ ပညာသင်ကြားနိုင်ရန် နည်းပညာအကူအညီအများကြီး လိုအပ်ကြောင်း နည်းပညာခေတ်မှာ အလုပ်အကိုင်ဘက်မှာလည်း အရည်အသွေးအသစ်များ လိုအပ်နိုင်ကြောင်းကို ဆွေးနွေးပေးခဲ့ပါသည်။ “ပုဂ္ဂလိက ကဏ္ဍကို ပိုပြီးတိုးတက်အောင်လုပ်ဖို့ လုပ်ပိုင်ခွင့်တွေပိုပေးဖို့ လိုအပ်တယ်လို့ထင်ပါတယ်။ ဉပမာ- ဆက်သွယ်ရေးလုပ်ငန်းတွေမှာ လက်လွတ်ပေးလိုက်လို့ အများကြီးတိုးတက်လာတယ်။ အစိုးရအနေနဲ့ ဒီဂျစ်တယ်အခြေခံအဆောက်အဦတွေမှာ ဘယ်လောက်ရင်းနှီးမြှုပ်နှံမလဲ ပုဂ္ဂလိက ကဏ္ဍဘက်ကလည်း ဘယ်လောက်ထိ အဲ့ပေါ်မှာ လျှောက်လှမ်းနိုင်မလဲ။ အဲ့ဒါကိုလုပ်ပေးနိုင်ရင်တော့ တိုးတက်မှုကလည်း ခုန်တက်သွားနိုင်ပါတယ်။ ICT နဲ့ ဆိုင်တဲ့ vocational training မှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံမလဲ။ နိုင်ငံခြားက အရည်အချင်းရှိတဲ့ မြန်မာတွေ ပြန်လာရင် သူတို့မှာ skills တွေကပါလာတယ်။ နည်းပညာတွေ အသုံးပြုနိုင်တယ်။ အဲ့လို လူတွေကို ဘယ်လိုအသုံးချမလဲဆိုတာလည်း အရေးကြီးပါတယ်။”ဟု သူ၏အမြင်ကို ဝေမျှပေးခဲ့ပါသည်။
Huawei Myanmar ၏ CEO ဖြစ်သူ Mr. Ding Zhaoyi က “အခုလိုမျိုး ကျွမ်းကျင်တဲ့ပညာရှင်တွေကဦးဆောင်ပြီး နည်းပညာရဲ့ အခန်းကဏ္ဍတွေကို အများပြည်သူသိရှိစေဖို့ ဆွေးနွေးပွဲကို စီစဉ်ပေးနိုင်တဲ့အတွက် အရမ်းကို ဝမ်းသာမိပါတယ်။ ဒီဂျစ်တယ်စနစ်တွေဆီ ပြောင်းလဲနေတဲ့ အချိန်မှာ အခုလိုမျိုး ကဏ္ဍအလိုက် ပညာရှင်တွေက သူတို့ရဲ့အတွေ့အကြုံတွေ၊ အကြံပေးချက်တွေကို မျှဝေပေးသွားတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ နည်းပညာတွေကို မြန်မာနိုင်ငံမှာလည်း အသုံးပြုလာနိုင်ပြီး အသိအမြင်ဗဟုသုတများရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။”ဟုပြောကြားခဲ့ပါသည်။ တဆက်တည်းမှာပင် “ICT ကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် Huawei Myanmar မှ အလျဉ်းသင့်သလို ထိရောက်တဲ့ ပံ့ပိုးမှုတွေနဲ့ ကူညီပေးသွားမှာပါ” ဟုလည်း ထပ်မံဖြည့်စွက်သွားပါသည်။
စိတ်ဝင်စားသူများ အနေဖြင့် Huawei Myanmar Official Facebook page မှ ဆွေးနွေးပွဲဗီဒီယိုဖိုင်ကို https://www.facebook.com/huaweitechmm/videos/292912661919542/ တွင် သွားရောက်ကြည့်ရှနိုင်သည်။ ယခု အွန်လိုင်းပွဲသည် COVID-19 ကာလအတွင်း ဒုတိယမြောက်ပွဲဖြစ်ပြီး လွန်ခဲ့သော (၂) လခန့်ကလည်း Huawei Myanmar ICT Congress ကို အွန်လိုင်းမှ ကျင်းပပြုလုပ်ခဲ့သည်။