ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei မှ သီတင်းကျွတ်ကုသိုလ်အဖြစ် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှိ အဆင့်မြင့်မီးဖိုဆောင်တည်ဆောက်မှုတွင် အမေရိကန်ဒေါ်လာ၂၄၀၀၀ ထည့်ဝင်လှူဒါန်း

Care Myanmar အစီအစဉ်မှတဆင့် မီဖိုးချောင်သုံးပစ္စည်းများလှူဒါန်းပြီး မီးပုံးချိတ်ဆွဲခြင်းနှင့် လမုန့်လှူဒါန်းခြင်းစသဖြင့် Huawei ၀န်ထမ်းများကိုယ်တိုင်ပါဝင်ကုသိုလ်ယူခဲ့ကြသည်။

ရန်ကုန်၊မြန်မာ၊ ၂၀၁၇ အောက်တိုဘာ ၁ ရက် - မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များနှင့် နိုင်ငံသားများ အလေးထားရဆုံးသောရိုးရာပွဲတော်ကြီးများထဲမှတစ်ခုအပါအ၀င်ဖြစ်သည့် သီတင်းကျွတ်ပွဲတော်ကိုကြိုဆိုသည့် အနေဖြင့် Huawei သည် Care Myanmar အစီအစဉ်မှ တဆင့် နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ လှူဒါန်းကုသိုလ်ယူမှုများကို စက်တင်ဘာ(၃၀)ရက်နေ့ နေ့ခင်းကပြုလုပ်ခဲ့ပါသည်။ လူမှုအကျိုးပြုအစီအစဉ်များကို တစိုက်မတ်မတ်လုပ်ဆောင်လျှက်ရှိသည့် Care Myanmar အစီအစဉ်မှတဆင့်လှူဒါန်းမှုတွင် Huawei ၏ အလုပ်အမှုဆောင်ချုပ် Mr.Zhang Liman အပါအ၀င် Huawei ၀န်ထမ်း-- နှင့်၎င်းတို့၏ဆွေမျိုးမိတ်သင်္ဂဟများမှ ကိုယ်တိုင်ကိုယ်ကျ မီးပုံးများချိတ်ဆွဲခြင်း၊ အဘိုးအဘွားများကို လမုန့်လှူဒါန်းကုသိုလ်ယူခြင်းများကို ၀မ်းမြောက်ပျော်ရွှင်စွာအတူတကွလုပ်ဆောင်ခဲ့ကြသည်။

မြန်မာတို့၏ အကြီးကျယ်ဆုံးသော ရာသီပွဲတော်ကြီးများထဲမှ တစ်ခုအပါအ၀င်ဖြစ်သော သီတင်းကျွတ်ပွဲတော်သည် ဂေါတမမြတ်စွာဘုရား နတ်ပြည်တွင် မိခင်မယ်တော်မာယာအား တရားမြတ်ဟောကြားပြီးနောက် လူပြည်သို့အဆင်း လူသားတို့မှ ဘုရားရှင်အား ကြိုဆိုသည့်အနေဖြင့် ကျင်းပသည့် အထိမ်းအမှတ်ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။ ယခုကဲ့သို့ထူးမြတ်သောပွဲတော်တွင် မြန်မာလူမျိုးတို့သည် မိမိတို့၏ မိဘဆရာသမားများကို  စားသောက်ဖွယ်ရာများ၊ လိုအပ်သောအထောက်အပံ့ပစ္စည်းများ အစရှိသည်တို့ဖြင့် လိုက်လံကန်တော့ကာ မီးအိမ်လေးများကို ညအချိန်တွင် အိမ်များမှာ ချိတ်ဆွဲခြင်း၊ မီးရှူးမီးပန်းဖောက်ခြင်းတို့ဖြင့် ပွဲတော်ကိုဆင်နွှဲလေ့ရှိကြပါသည်။

 “ကျွန်တော်တို့ Huawei ဟာ မြန်မာနိုင်ငံမှာ ရပ်တည်နေတာ အချိန်ကာလအားဖြင့် ၁၇ နှစ်တာကြာမြင့်နေပြီ ဖြစ်တာကြောင့် မြန်မာလူမှုအဖွဲ့အစည်းရဲ့ ဓလေ့ထုံးတမ်းတွေကိုနှစ်လိုကျွမ်းဝင်နေပြီးသားဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကုသိုလ်မျှဝေပျော်ရွှင်ရတဲ့ရာသီပွဲတော်မှာ အဘိုးအဘွားတွေနဲ့အပျော်မျှဝေပြီး ခုလိုကျန်းမားရေးဦးစားပေးတဲ့ကုသိုလ်မျိုးယူခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်သလို ကြည်နူးပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ရဲ့လှူဒါန်းမှုဟာဘိုးဘွားတွေရဲ့နေ့စဉ်စားသောက်မှုဘ၀မှာသန့်ရှင်းကျန်းမာရေးဦးစားပေးစနစ်အတွက်အထောက်အကူဖြစ်လာမှာမို့နေ၀င်ချိန်ရောက်နေတဲ့ဘိုးဘွားတွေရဲ့သက်တမ်းရှည်ကြာနိုင်မှုကိုသွယ်ဝိုက် အထောက်ပြုလာမှာဖြစ်ပါတယ်။ဘိုးဘွားရိပ်သာတွေရဲ့ပထမဆုံးအဆင့်မြင့်စံပြမီးဖိုဆောင်ဖြစ်လာမှာကြောင့်လည်းဂုဏ်ယူမိပါတယ်။ ကျွန်တော်ကပဲ Huawei ရဲ့ ကိုယ်စား သက်ကြီးရွယ်အို ဘိုးဘွားများ သက်ရှည်ကျန်းမာပြီး သာယာချမ်းအေးသောဘ၀တို့ကို ပိုင်ဆိုင်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးလိုပါတယ်။” ဟု Huawei မြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Zhang Liman က ပြောကြားခဲ့ပါသည်။

သက်တမ်းအားဖြင့်(၈၄)နှစ်ရှိပြီဖြစ်သည့် နှင်းဆီကုန်ဘိုးဘွာရိပ်သာကို ၁၉၃၃ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး အဘိုး(၁၀၀)ဦးနှင့်အဘွားဦးရေ (၁၁၀)ဦး စုစုပေါင်း(၂၁၀)ဦးနေထိုင်လျှက်ရှိပါသည်။နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် စေတီတစ်ဆူနှင့် ကိုယ်ပိုင်ဆေးရုံလည်းရှိကာ အဘိုးအဘွားများအတွက်လိုအပ်သောအာဟာရကယ်လိုရီတွက်ချက်ကာတစ်နေ့လေးကြိမ်ထမင်းနှင့်အာဟာရများချက်ပြုတ်ကျွေးမွေးလျှက်ရှိကြောင်းသိရသည်။ယခုဆောက်လုပ်ထားသည့်မီးဖိုဆောင်တွင်ကမ္ဘာ့အဆင့်မီ မီးဖိုချောင်သုံးပစ္စည်းများတပ်ဆင်ထားပြီး နောင်တွင်အဘိုးအဘွား(၂၀၀)နီးပါးအတွက်သန့်ရှင်းလတ်ဆတ်သော ပေါင်မုန့်များကိုပါကိုယ်တိုင်ပြုလုပ်ကျွေးမွေးသွားနိုင်ရန်စီစဉ်လျှက်ရှိကြောင်းလည်းသိရသည်။

“ ယခုလှူဒါန်းမှုအတွက် အမှုဆောင်အဖွဲ့နဲ့ အဘိုးအဘွားများကိုယ်စားကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ဒီလှူဒါန်းမှုဟာအဘိုးအဘွားတွေအတွက်ရေရှည်မှာဘယ်လောက်အသုံးတည့်ပြီးအကျိုးကျေးဇူးဖြစ်ထွန်းစေလည်းဆိုတာ နောက်တစ်ခေါက်ပြန်လာကြည့်ဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။ Huawei ကုမ္ပဏီရဲ့ လှူဒါန်းမှုဟာ ကျွန်တော်တို့ဘိုးဘွားရိပ်သာအတွက် ရေရှည်အကျိုးကျေးဇူးဖြစ်ထွန်းစေပါတယ်။ Huawei ကုမ္ပဏီနဲ့တကွကုမ္ပဏီကတာဝန်ရှိသူ၊ကြွရောက်လာသူအားလုံးကိုကျန်းမာချမ်းသာပြီးအောင်မြင်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ “ ဟုအမှုဆောင်အဖွဲ့ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးကျော်ရှိန်ကလည်းကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယခုလှူဒါန်းမှုများမတိုင်မီကလည်း Huawei သည် Care Myanmar အစီအစဉ်မှတဆင့် ၂၀၁၇ခုနှစ် အတွင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုသိန်း(၂၇၀)တန်းဖိုးရှိ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ၂၀၁၆ သီတင်းကျွတ်လပြည့်နေ့တွင် မိဘမဲ့ကလေးကျောင်းနှင့်ဘိုးဘွားရိပ်သာ ခြောက်ခုသို့ မြန်မာကျပ်ငွေသိန်း ၁၃၀၀ နှင့်ညီမျှသော လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ် သြ၈ုတ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခါခဲ့သော မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံရှေးဟောင်း အမွေ အနှစ်များ ပြန်လည်ပြုပြင်မွမ်းမံရေးအတွက် မြန်မာကျပ်ငွေ သိန်း ၁,၀၀၀ နှင့်ညီမျှသော အထောက်အပံ့၊ အကူအညီများကို လည်းကောင်း၊ ၂၀၁၅ ခုနှစ်ကဖြစ်ပွားခဲ့သော ရေလွှမ်းမိုးဆုံးရှုံးမှုများအတွက် မြန်မာကျပ်ငွေ သိန်း ၂,၀၀၀ နှင့် ထောက်ပံ့ကယ်ဆယ်ရေးအိတ်များ ၁,၀၀၀ ခန့်ကိုလည်းကောင်း၊ ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။  “Care Myanmar,” အစီအစဉ်အပြင် Huawei Myanmar ၏ CSR လုပ်ငန်းစဉ်များက မြန်မာနိုင်ငံတွင်းရှိ သတင်းအချက်အလက်နှင့် နည်းပညာနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များကိုလည်း အလေးပေး ဖော်ဆောင်လျှက်ရှိပါသည်။