စတင်ရောင်းချသည့်နေ့တစ်နာရီအတွင်းမှာပင် ပစ္စည်းပြတ်လပ်သည်အထိ ရောင်းထွက်ခဲ့သည့် Huawei P8
Huawei P8 ကို ယနေ့ ၆.၆.၂၀၁၅ မှစပြီး ၅၂၉၀၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆိုင်ပေါင်း (၂၈)ဆိုင်တွင် စတင်ရောင်းချခဲ့ပါသည်။ Huawei P8 ကို ၂၃.၅.၂၀၁၅ မှ ၅.၆.၂၀၁၅ရက်နေ့အတွင်း ကြိုတင်မှာယူမှုများကို လက်ခံခဲ့သည်။
ရန်ကုန်မြို့ လသာလမ်းရှိ Best One၊ လှည်းတန်းရှိ HH Mobile၊ တာမွေရှိ Mobile King၊ သီတာလမ်းနှင့် မြေနီကုန်းရှိ Huawei Brand Shop အစရှိသည့် ဆိုင်ပေါင်း (၅)ဆိုင်တွင် စတင်ရောင်းချခဲ့ရာ စတင်ရောင်းချချိန်မှ တစ်နာရီအတွင်းမှာပင် ဆိုင်များအားလုံးတွင် ပစ္စည်းများပြတ်လပ်သည်အထိရောင်းချခဲ့ရသည်။ ယခုပထမအသုတ်တွင် မ၀ယ်ယူလိုက်နိုင်သော သုံးစွဲသူများအတွက် ၁၀.၆.၂၀၁၅ တွင် ၀ယ်ယူရရှိနိုင်ရန် ကြိုးပမ်းသွားမည်ဟု Device Business Department ၏ Country Director, Mr. Roson Luo မှ ပြောကြားခဲ့သည်။ ဆက်လက်ပြီး Mr. Roson Luo မှ “ဒီနေ့ P8 အလုံး ၅၀၀ကို ရန်ကုန်အပါအ၀င်အခြားမြို့ကြီးတွေဖြစ်တဲ့ မန္တလေး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ လားရှိုးစတဲ့နေရာတွေမှာရောင်းချခဲ့ပါတယ်။ စတင်ရောင်းချတဲ့အချိန်ကစပြီး တစ်နာရီအတွင်းမှာ stock လက်ကျန်မရှိတော့ဘဲ အားလုံးရောင်းထွက်ခဲ့ပါတယ်။ ဒါဟာ P8 အတွက်တာထွက်ကောင်းတဲ့လက္ခဏာပါ။ P8 ကြိုတင်မှာယူမှုတွေအများကြီး လက်ခံရရှိခဲ့ပါတယ်။ ဒီနေ့ မ၀ယ်ယူလိုက်ရတဲ့ customer တွေအတွက် ဇွန်လ (၁၀)ရက်နေ့မှာ ဈေးကွက်ထဲမှာ ၀ယ်ယူရရှိနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၀ယ်ယူအားပေးသူများနဲ့ ပံ့ပိုးပေးသူများအားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်။”ဟု ပြောကြားသွားခဲ့သည်။
Mobile King ဖုန်းဆိုင်၏ Regional Sales Manager မမေသင်္ကြန်က Huawei P8 သည် ၎င်းတို့ဆိုင်ရဲ့ သမိုင်းမှာ တစ်ရက်တည်းတွင် ရောင်းအားအကောင်းဆုံး ဟန်းဆက်အဖြစ်မှတ်တမ်းတင်ခဲ့နိုင်ပြီး သူမတို့ဆိုင်တစ်ဆိုင်ထဲမှာပင် preorder ၁၀၀ ကျော်လက်ခံရရှိခဲ့သည့်အတွက် ၀မ်းသာခဲ့ရပါသည်ဟု ဖြေကြားခဲ့ပါသည်။ “ဒီ ၁၄ရက်အတွင်းမှာ preorder ၁၀၀ ကျော်ရရှိခဲ့တဲ့အတွက် ကျွန်မတို့အနေနဲ့ အံ့သြခဲ့ရပါတယ်။ P8 ဟာ ဈေးကွက်ထဲမှာရှိနေတဲ့ အခြားဟန်းဆက်တွေထက် ထူးခြားတဲ့ လုပ်ဆောင်မှုတွေပါပါတယ်။ ဥပမာ အလင်းပန်းချီ လုပ်ဆောင်ချက် (Light Painting)၊ အလင်းအားနည်းနေချိန်မှာတောင်ပုံထွက်လှစေမယ့် Low Light Photography၊ Director Mode၊ Perfect Selfie စတာတွေပါဝင်ပါတယ်။ Selfie Stick၊ Bluetooth Speaker၊ ကျောပိုးအိတ်စတဲ့ လက်ဆောင်ပစ္စည်းတွေကလည်း သုံးစွဲသူတွေကို ဆွဲဆောင်နိုင်ပါတယ်။ P8 ရဲ့ ရောင်းအားဟာ မနှစ်က P7 ထက် အများကြီးသာလွန်မယ်ဆိုတာ အသေအချာပါပဲ။ ဒီ Huawei P8က ကျွန်မတို့ဆိုင်အနေနဲ့ ရောင်းအားအကောင်းဆုံး ဟန်းဆက်အဖြစ်အောင်မြင်ပါတယ်” ဟုဆက်လက်ဖြေကြားခဲ့ပါသည်။
လွန်ခဲ့သောအပတ်က Preorder ပြုလုပ်ထားသော သုံးစွဲသူ ကိုနော်အောင်မှ “အရင် တခြား product တွေမှာမတွေ့ဖူးသေးတဲ့ Light Painting Function က အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ လန်ဒန်မှာ Launch လုပ်ကတည်းက P8 ကို သိခဲ့ရပါတယ်။ ဒါကြောင့် ဘယ်နေ့ဈေးကွက်မှာဝယ်လို့ရမလဲဆိုတာ ရုံးချုပ်ကို လှမ်းမေးခဲ့ပါတယ်။ မေ ၂၃ ရက်နေ့ကနေ ဇွန် ၆ ရက်နေ့အထိ order မှာလို့ရမယ်ဆိုတော့ ကျွန်တော်နဲ့ ကျွန်တော့်အကိုအတွက် order (၂)လုံးမှာခဲ့ပြီး ဒီနေ့သွားဝယ်ခဲ့တာပါ။ ဒီဟန်းဆက်က အရမ်းတန်ပါတယ်။ ပြီးတော့ ကျွန်တော်လွန်ခဲ့တဲ့ (၂)လ ကတည်းကလိုချင်ခဲ့တဲ့ ဒီဟန်းဆက်ကို ဒီနေ့ရရှိလိုက်တဲ့အတွက် ကျေနပ်ပါတယ်။” ဟုဖြေကြားခဲ့ပါသည်။