ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

5G ထုတ်ကုန်များအတွက် ကမ္ဘာ့ပထမဦးဆုံး CC EAL4+ လုံခြုံရေး အသိအမှတ်ပြု လက်မှတ်ကို Huawei က ရရှိ

2020.05.26

ကမ္ဘာတွင် ဦးဆောင်လျက် ရှိသည့် ICT နည်းပညာ ပံ့ပိုးသူ ဖြစ်သော Huawei သည် 5G ထုတ်ကုန်များအတွက် ကမ္ဘာ့ပထမဦးဆုံး Common Criteria (CC) Evaluation Assurance Level (EAL)4+ အသိအမှတ်ပြု လက်မှတ်ကို ရရှိခဲ့သည်။ ယင်းက Huawei ၏ 5G base station ထုတ်ကုန်များသည် နိုင်ငံတကာတွင် ဦးဆောင်နိုင်သည့် အဆင့်ရောက်ရှိနေပြီး 5G ကြိုးမဲ့ အသုံးပြုနိုင်မှုအတွက် လုံခြုံရေးဆိုင်ရာ စိတ်ချအားထားရမှု ရှိနေကြောင်း  ဖော်ပြနေသည်။

စပိန်နိုင်ငံ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် CCN (Centro Criptologico National) က Huawei 5900 စီးရီး 5G gNodeB software အတွက် အသိအမှတ်ပြုလက်မှတ်ကို မေလ ၂၀ရက်နေ့က ထုတ်ပေးခဲ့သည်။ ယင်းအတွက် အကဲဖြတ်ခြင်းကို စပိန် IT လုံခြုံရေး အကဲဖြတ်မှုနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းအစီအစဉ်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အကဲဖြတ်ခြင်း နည်းနာများဆိုင်ရာ အစီရင်ခံစာအတွင်းမှ အကဲဖြတ်အဖွဲ့၏ ကောက်ချက်သည် အသုံးပြုထားသည့် သက်သေအထောက်အထားနှင့် ကိုက်ညီမှု ရှိကြောင်း CCN က ဆိုသည်။

CC အသိအမှတ်ပြု လက်မှတ်သည် ကမ္ဘာအနှံ့တွင် ကျယ်ပြန့်စွာ အသိအမှတ်ပြုထားသည့် လုံခြုံရေး အသိအမှတ်ပြုမှုတစ်ရပ် ဖြစ်ပြီး ယင်းတွင် အဆင့် ခုနစ်ဆင့် ပါရှိသည်။ ယင်းတို့အနက် EAL 4+ သို့မဟုတ် ပိုမို မြင့်မားသည့် အဆင့်များအတွက် အရင်းအမြစ်ကုဒ် (source code) ကို စစ်ဆေး၍ အသိအမှတ်ပြုခံယူရန် လိုအပ်သည်။ EAL4 သည် “လက်ရှိ ထုတ်လုပ်နေသည့် ကုမ္ပဏီထုတ်ကုန်စာရင်း (product line) သို့  ထုတ်ကုန်သစ် ထည့်ပေါင်းရာတွင် စီးပွားရေးအရ အဆင်ပြေနိုင်သည့် အမြင့်ဆုံး အဆင့်” သတ်မှတ်ချက်တစ်ခု ဖြစ်သည်။

“ယုံကြည်မှုဆိုတာ အချက်အလက်တွေအပေါ် အခြေခံရမယ်။ အချက်အလက်တွေဟာလည်း သက်သေခံနိုင်စွမ်း ရှိရမှာ ဖြစ်ပြီး အဲဒီ သက်သေခံနိုင်စွမ်းဟာလည်း ဘုံသဘောတူညီထားတဲ့ စံနှုန်းတွေအပေါ် အခြေခံရမှာ ဖြစ်တယ်လို့ Huawei က ယုံကြည်ထားပါတယ်။ လုပ်ငန်းလုပ်ထုံးတွေကို အသုံးပြုပြီး အရည်အချင်း အသိအမှတ်ပြုမှု ခံယူခြင်းဟာ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရာမှာ အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်” ဟု Huawei Asia Pacific ၏ လက်ထောက်ဥက္ကဌ Jay Chen က ဆိုသည်။

Huawei သည် CC နှင့် FIPS တို့ကဲ့သို့သော နိုင်ငံတကာ အသိအမှတ်ပြု ဆိုက်ဘာလုံခြုံရေး စံနှုန်းနှင့် လိုအပ်ချက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ထုတ်ကုန် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ထို့အပြင် Huawei ထုတ်ကုန်များကို စစ်ဆေး အသိအမှတ်ပြုရန်အတွက်လည်း ပြင်ပ အဖွဲ့အစည်း ဓာတ်ခွဲခန်း (third-party labs) များကို တက်ကြွစွာ ဖိတ်ခေါ်သည်။ လက်ရှိတွင် Huawei၏ ထုတ်ကုန်များနှင့် ဖြေရှင်းမှုနည်းလမ်း (solutions)  များသည် (CC၊ FIPS နှင့် CSA တို့ အပါအဝင်) လုံခြုံရေး အသိအမှတ်ပြုမှုပေါင်း ၂၇၀ ကျော် ရရှိထားပြီး ဖြစ်သည်။

“ကမ္ဘာ့ပထမဦးဆုံး 5G CC EAL4+ လက်မှတ် ရရှိလိုက်တာဟာ ကျွန်တော်တို့ရဲ့ 5G အပိုင်းမှာ ဦးဆောင်နေမှုကို ထပ်မံ ဖော်ပြနေပါတယ်။ Huawei ဟာ ဆန်းသစ်တဲ့ 5G နည်းပညာတွေကို ရှာဖွေဖန်တီးသွားမှာ ဖြစ်ပြီး 5G စနစ်ကို အောင်မြင်စွာ စီးပွားဖြစ်အသုံးချလာနိုင်ရေးအတွက် ကမ္ဘာ့ အော်ပရေတာတွေကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်” ဟု Jay က ဖြည့်စွက်ပြောကြားခဲ့သည်။